Wednesday, September 1, 2010

အောင်မြင်ဖို့အတွက်ဥာဏ်ရှိဖို့ထက် ဇွဲရှိဖို့ ကအဓိကပါ


ဘ၀မှာတိုးတက်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဘာလိုအရာတွေကအဓိကလိုအပ်သလဲ ?

ကံ ၊ ဥာဏ် ၊ ဇွဲလုံ့လရှိမှု ဘယ်အရာက အဓိကကျမယ်လို့ထင်မိပါသလဲ ။ တစ်ကယ်တော့ ဘ၀မှာတိုးတက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် ကံ လည်းလိုပါတယ်၊ ဥာဏ်ရှိဖို့လည်းလိုအပ်ပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ အဓိကအကျဆုံးကတော့ ဇွဲ ဆိုတဲ့ မဆုတ်မနစ်နဲ့ လုပ်ဆောင် တတ်တဲ့စိတ်ဓာတ်ရှိဖို့က အဓိကကျပါတယ်။ ဘာလို့ လည်းဆိုတော့ ဥာဏ်မရှိပဲနဲ့ လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပါတယ်။ ပုံပြင်ဥပမာလေး တစ်ခုနဲ့ ပြောရမယ်ဆိုရင်…

ဟိုရှေးရှေးတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခကြီးတစ်ယောက်ဆီမှာ သူငယ်ချင်းနှစ်ယောက် တပည့်အဖြစ် ပညာသင်နေကြတယ်။ သူငယ်ချင်းနှစ်ယောက်ဆိုပေမယ့် တစ်ယောက်က ဥာဏ်ပညာထက်မြတ်တယ် ၊ ဒီတော့ဆရာကြီးက ပညာရပ်တွေအားလုံးသင်ပေးတာ ပညာရပ် ၁၈ မျိုးတောင်တက်တယ်ဆိုပဲ။ နောက်တစ်ယောက်ကတော့ ဥာဏ်မကောင်းတဲ့အတွက် ကြိုးစားပမ်းစား သင်ယူတာ ပညာရပ်တစ်ခုတည်း ပဲတက်မြောက်ရှာတယ်။ အဲလိုနဲ့ သုံးနှစ်ကြာလို့  သူငယ်ချင်းနှစ်ယောက် နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ရာမှာ ဥာဏ်မကောင်းပဲ ပညာရပ်တစ်ခု တည်းကိုသာ တက်မြောက်တဲ့တပည့်က ကြီးပွားအောင်မြင်ပြီး၊ ပညာရပ် ၁၈ မျိုးတတ်တဲ့တပည့်ကတော့ ဒုံရင်းကနေ မတက်နိုင်ရှာပဲဖြစ်နေတယ်။ ဒီတော့ ဥာဏ်ကောင်းတဲ့တပည့်က သူ့ကိုဆရာကြီးက ပညာစုံသင်မပေးလိုက်ဘူးဆိုတဲ့အတွေးဝင်ပြီး ဆရာကြီးဆီပြန်သွားပြီး ပညာစုံသင်ပေးပါလို့ ပြောတယ်။ ဒီတော့ ဆရာကြီးက ပြုံးပြီး သူ့တပည့်ကို ၀ါးရုံပင်ပေါ်တက်ခိုင်းတယ်။ တပည့်က၀ါးရုံပင်ပေါ်တက်လို့ ထိပ်ဖျားမရောက်တရောက်မှာ အောက်ကနေပြီး ၀ါးရုံကိုလှုပ်တော့တာပဲ။ ၀ါးရုံပေါ်ကတပည့်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဟို ၀ါးပင်ကိုင်ရမလို ဒီဝါးပင်ကိုင်ရမလိုနဲ့ ပြုတ် ကျလုကျခင် ဖြစ်နေရာကနေ ၀ါးပင်တစ်ပင်ကိုအတင်းဖက်တွယ်လိုက်တော့မှ အောက်ကိုပြုတ်ကျမယ့် ဒုက္ခကနေ လွတ်မြောက်တော့တယ်။ ဒီတော့ မှ ဆရာကြီးလည်း သူ့ တပည့်ကိုအောက်ပြန်ဆင်းခိုင်းပြီး ပြောပြတယ်။ တပည့် မင်းက ပညာတွေမျိုးစုံတက်တော့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်ပြီး အခက် အခဲနဲ့တွေ့တဲ့အခါ နောက်တစ်မျိုးပြောင်းလုပ်နဲ့ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေလို့ မကြီးပွားတာ၊ မင်းသူငယ်ချင်းကတော့ ပညာရပ်တစ်မျိုး တည်းသာတက်တဲ့အတွက် အခက်အခဲနဲ့ တွေ့ လည်း ဒီအလုပ်ကိုပဲဇွဲနဲ့ အခက်အခဲကိုအောင်မြင်အောင် ကျော်လွားသွားနိုင်လို့ အောင်မြင်တာ ဖြစ်တယ်လို့ ဆုံးမစကားပြောတယ်။ ဥာဏ်ကောင်းတဲ့တပည့်လည်း ဆရာကြီးရဲ့ ဆုံးမစကားကိုနာယူပြီး ဇွဲနဲ့ ကြိုးစားရာမှာ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်တော့တယ်တဲ့။

ဒါကြောင့်မို့လို့ လောကမှာ အောင်မြင်ကြီးပွားဖို့အတွက် ဥာဏ်ကောင်းဖို့ထက် ဇွဲရှိရှိနဲ့ ကြိုးစားဖို့ကပိုအဓိကကျပါတယ်။