Thursday, September 2, 2010

အိမ်ထောင်ဖက်ရွေးချယ်ခြင်း

မည်သူသည် မိမိနှင့် အသင့်လျော်ဆုံးဖြစ်သနည်း

1.
ရုပ်ရည် - အလှအပနှင့် ပတ်သက်သည့် အယူအဆသည် တစ်ခေတ်နှင့်တစ်ခေတ် ပြောင်းလဲနေပေရာ အားလုံးအတွက်
ထာဝစဉ်လှပနေသူဟူ၍ ရှိနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်
ကြင်ဖက်ရွေးချယ်ရာတွင် ရုပ်ရည်သည် အဓိက အချက်မဟုတ်ဟု ဆိုရခြင်း ဖြစ်ပေသည်။
မိမိလက်ခံနိုင်သည့် ရုပ်ရည်ရှိလျှင် လုံလောက်ပြီး ဖြစ်သည်။


2.
အသက်
- တစ်ဦးက မိတ်ဆွေအပေါင်းအသင်းကို တန်ဖိုးထားပြီး ကျန်တစ်ဦးက အလေးမထားသူ
ဖြစ်နိုင်သည်။ တစ်ဦးက ဘာသာရေးကို လေးစားပြီး ကျန်တစ်ဦးက အလေမထားသူ
ဖြစ်နိုင်သည်။ ဤကဲ့သို့ သဘောထားနှင့် တန်ဖိုးထားမှုများ ကွဲလွဲနေကြလျှင်
အိမ်ထောင်ရေးသာယာမှုကို တစ်ချိန်မဟုတ် တစ်ချိန် ထိခိုက်လာမည်မှာ သေချာလှပေ၏။
ထို့ကြောင့် သာယာသော အိမ်ထောင်ရေး ဖြစ်လာစေရန် ကြင်ဖက်နှစ်ဦးတို့၏ အသက်
များသည် ကွာခြားလွန်းမှု မဖြစ်သင့်ပေ။ မတိမ်းမယိမ်းသာ ရှိသင့်ပေ၏။


3.
ပညာရေး
- ယေဘုယျအားဖြင့် မိမိနှင့် အလှမ်းမကွာလွန်း သူသာလျှင် အသင့်လျှော်ဆုံး
ဖြစ်ပေမည်။ ပညာရေး အဆင့်အတန်းကွာခြားမှုကြောင့် သဘောထားနှင့် တန်ဖိုးထားမှု
များလည်း ကွာခြားနိုင်ပေရာ အိမ်ထောင်ရေးညှိယူမှုတွင် ထိုအချက်က အနှောက်အယှက်
ပေးလာမည် ဖြစ်ပေ၏။ ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ပညာရေး အဆင့်အတန်း
မကွာလွန်းသူကို ရွေးချယ်ခြင်းဖြင့် သဘောထား မတိုက်ဆိုင်မှုကြောင့်
ဖြစ်ပေါ်လာသည့် စိတ်အနှောက်အယှက်များကို လျော့နည်းစေမည် ဖြစ်သည်။


4.
မိသားစု
အခြေအနေ - ကြင်ဖက်ရွေးချယ်ရာတွင် ချစ်သူများ၏ မိသားစုအခြေအနေသည် လည်း
အရေးပါသည့် အချက်တစ်ချက် ဖြစ်ပေ၏။ လူတို့၏သဘောထား၊ စိတ်ဝင်စားမှုနှင့်
တန်ဖိုးထားမှုများသည် သူတို့ဖြတ်သန်းလာခဲ့သည့် ဘ၀အတွေ့အကြုံများအရ
ခြားနားမှုရှိနိုင် ရာ မိသားစုချင်း ခြားနားလေလေ၊ သဘောထားချင်း ကွဲလေလေ
ဖြစ်ပေမည်။ ထိုအခါ ခင်ပွန်းနှင့် ဇနီးတို့၏ အိမ်ထောင်ရေး ညှိယူမှုသည်
အခက်အခဲရှိလာမည် ဖြစ်ပေသည်။ ယေဘုယျအားဖြင့် ပညာတတ်မိသားစု၏ သဘောထားသည်
ငွေကြေးချမ်းသာသူတို့၏ သဘောထားနှင့် တူညီမည် မဟုတ်ပေ။ ထိုနည်းတူ
သူတို့၏ဘ၀အမြင်များသည်လည်း အခြေခံအားဖြင့် တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့်
ကြင်ဖက်ရွေးချယ်ရာတွင် မိမိ၏ မိသားစုနှင့် အခြေခံအားဖြင့် တူညီသည့်
မိသားစုအတွင်းမှ ချစ်သူကိုသာ ရွေးချယ်သင့်ပေ၏။


5.
ကျန်းမာရေး - မကျန်းမာသူနှင့် အိမ်ထောင်ပြုမိပါက တစ်သက်လုံး စိတ်ဆင်းရဲမှုနှင့် ကြုံတွေ့
နေရမည် ဖြစ်ပေသည်။ အခြားအခြေအနေများ ကောင်းမွန်နေသောကြောင့် ဤအချက်ကို
လျော့ပေါ့၍ လက်ခံလိုက်ပါက ဘ၀တစ်လျှောက်လုံး စိတ်မချမ်းသာမှုများနှင့်
ရင်ဆိုင်သွား ကြရတတ်သည်။ အချို့သော စိတ္တဇရောဂါတို့မှာ မျိုးရိုးလိုက်ကြပြီး
ဖြစ်တတ်ရာ ချစ်သူ၏ မိသားစုနှင့် ရင်းချာသော မွေးချင်းများတွင်
ထိုရောဂါမျိုး ရှိ၊ မရှိ ကိုလည်း လေ့လာထား သင့်ပေသည်။


6.
ဥာဏ်ရည် - ဥာဏ်ရည်ဟူသည် ဗီဇနှင့်ပတ်ဝန်းကျင်ဟူသည့် အခြေခံအချက်ကြီး နှစ်ရပ်ပေါ်
တွင် တည်မှီနေပေရာ သားသမီးများ ဥာဏ်ကောင်း၊ မကောင်းဟူသည် မိဘတို့၏
ဥာဏ်ရည်ကောင်း၊ မကောင်းပေါ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် တည်မှီနေသည်။
ထို့ကြောင့် မိမိနှင့် လက်ထပ်မည့်သူ၏ ဥာဏ်ရည်ကိုလည်း
ထည့်သွင်းစဉ်းစားသင့်ပေ၏။ ဇနီးနှင့် ခင်ပွန်းတို့၏ ဥာဏ်ရည်ခြင်း
ခြားနားလွန်းလျှင် သူတို့၏သဘောထား၊ စိတ်ဝင်စား မှုနှင့်
တန်ဖိုးထားမှုများလည်း ကွဲပြားသွားနိုင်ရာ ထိုအချက်ကြောင့် အိမ်ထောင်ရေး
ညှိယူမှု တွင် အထစ်အငေါ့များ ကြုံတွေ့လာနိုင်ပေသည်။ ထို့ကြောင့်
ကြင်ဖက်ရွေးချယ်ရာတွင် မိမိနှင့် ကွာခြားလွန်းမှု မရှိသူကိုသာ
ရွေးချယ်သင့်ပေသည်။


7.
အလုပ်အကိုင် - မိသားစုချင်း ခွဲခွာနေကြရပါက သားသမီးထိန်းကျောင်းမှုတွင် ပြဿနာ ၀င်လာနိုင်သည်။
ကလေးများသည် မိခင်နှင့်အတူ နေထိုင်ကြရပြီး၊ ဖခင်က တစ်မြို့တစ်ရွာ တွင်
နေထိုင်ရပါက သားသမီးများကို စည်းကမ်းပေးမှု၊ သင်ကြားမှု စသည်တို့တွင်
လျော့ရဲမှု ရှိနေနိုင်၏။ ဤအချက်များသည် အလှမ်းဝေးသည့် အချက်များ
ဖြစ်သော်လည်း မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သဖြင့် ကြိုတင်စဉ်းစား
ထားသင့်ပေသည်။


8.
ဘာသာရေး - တစ်ဦးနှင့်တစ်ဦး ဘာသာရေး ယုံကြည်မှု ကွဲလွဲနေသည့် အချက်ကလည်း အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်သည်။
ယုံကြည်မှုခြင်း မတူညီမှုကြောင့် ဓလေ့ထုံးစံ သဘောထား စသည်တို့တွင်
ကွဲပြားသွားနိုင်သည်။ ဇနီးနှင့် ခင်ပွန်းတို့တွင် ပြဿနာမပေါ်ခဲ့ လျှင်လည်း
သားသမီးများ ပေါက်ဖွားလာသောအခါ ပြဿနာ ပေါ်ပေါက်လာတတ်သည်။ မိမိတို့၏
ရင်သွေးငယ်ကို မည်သည့်ဘာသာအား ကိုးကွယ်စေမည်နည်း။ မိဘများအနေနှင့်
အရေးမထားသော်လည်း နှစ်ဖက်မိဘများ၏ လွန်ဆွဲမှုကြောင့် ပြဿနာပေါ်ပေါက် လာတတ်
သည်။ ထို့ကြောင့် ကြင်ဖက်ရွေးချယ်ရာတွင် ဘာသာရေးကိုလည်း ထည့်သွင်းစဉ်းစား
သင့်ပေ၏။


9.
ကိုယ်ရည်ကိုယ်သွေး - ကမ္ဘာပေါ်ရှိ လူသားများသည် အမွေဆက်ခံခဲ့သည့် ဗီဇနှင့် ဖြတ်သန်း လာသည့်ပတ်ဝန်းကျင်တို့
မတူညီကြသောကြောင့် ကိုယ်ရည်ကိုယ်သွေးသည်လည်း တစ်ဦး နှင့်တစ်ဦး မည်သည့်
နည်းနှင့်မျှ တူညီကြသည် မဟုတ်ပေ။ ထို့ကြောင့် ကြင်ဖက်ရွေးချယ် ရာတွင်
မိမိချစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကို ထည့်သွင်းစဉ်းစားနိုင်ရန် လိုအပ်ပေသည်။
အဘယ့်ကြောင့်ဆိုသော် ဇနီးနှင့်ခင်ပွန်းဖြစ်သူတို့တွင် ခြားနားလွန်းသော
ကိုယ်ရည်ကိုယ်သွေး ရှိနေပါက ညှိယူမှုတွင် အခက်အခဲ တွေ့လာနိုင်သောကြောင့်
ဖြစ်ပေ၏။ အတွင်းစွဲ နှင့် အပြင်စွဲ ဟူ၍ ကိုယ်ရည်ကိုယ်သွေး
အင်္ဂါရပ်နှစ်ခုရှိရာ မိမိက အတွင်းစွဲသူဖြစ်ပြီး၊ ချစ်သူက အပြင်စွဲသူ
ဖြစ်နေပါက ညှိယူမှုတွင် ပြဿနာ ပေါ်ပေါက်လာနိုင်သည်။ လွှမ်းမိုးလိုသူနှင့်
အညံ့ခံလိုသူဟူ၍ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်များရှိရာ တစ်ဦးက
လွှမ်းမိုးလိုပြီး၊ ကျန်တစ်ဦးက အညံ့ခံလိုစိတ် ရှိနေပါက လိုက်ဖက်ညီသည့်
အတွဲတစ်တွဲ ဖြစ်လာနိုင်သည်။ စံပြကိုယ်ရည်ကိုယ်သွေးချင်း
လိုက်ဖက်မညီမှုကြောင့် ပြဿနာ ဖြစ်လာနိုင်သလို၊ တစ်ဦးဦးတွင် နယူရိုးတစ်
ကိုယ်ရည် ကိုယ်သွေး ရှိနေပါက အခက်အခဲ ကြုံတွေ့ ကြတတ်သည်။


10.
ချစ်သူ၏
ဆွေမျိုးများ - ကြင်ဖက်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်
ချက်မှာ ဆွေမျိုးသားချင်း ပြဿနာ ဖြစ်၏။ သို့မဟုတ်ပါက ဆွေမျိုးများနှင့်
ဆက်ဆံရေး အဆင်မပြေမှုကြောင့် အိမ်ထောင်ရေး သာယာမှုကို ထိပါးလာနိုင်ပေသည်။
တစ်ခါတစ်ရံ ယောက္ခမများသာမက အခြားဆွေမျိုးများလည်း ပါလာနိုင်သည်။ ဤဓလေ့
ထုံးစံကို ကျွနိုပ်တို့ ပယ်ဖျက်၍ မရနိုင်ပေရာ အလိုက်သင့် ဆက်ဆံသွားတတ်ရန်
လိုအပ်ပေသည်။ သို့မဟုတ်ပါက ``ပြည်ပန်းညို ချိုပါလျက်၊ ဆားကဖျက်´´
ဟူသကဲ့သို့ ဆွေမျိုးသားချင်း ပြဿနာကြောင့် အိမ်ထောင်ရေးသာယာမှုမှာ
ပျက်ဆီးသွားနိုင်ပေ၏။


11.
ခင်မောင်သန်း (စိတ်ပညာ)၏ ``အိမ်ထောင်ဖက် ရွေးချယ်မှုနှင့် စိတ်ပညာအမြင်´´ စာအုပ်မှ ကောက်နုတ်
ဖော်ပြလိုက်ပါတယ်။
မှတ်ချက်။ ။လူတိုင်းလူတိုင်း ဒီလို အခြေခံအချက်လေးတွေ ကြိုသိထားတဲ့အတွက် အမှားမပါအောင် ထိန်းချုပ်နိုင်တဲ့အပြင်
တစ်ယောက်နဲ့တစ်ယောက် ညှိယူမှုတွေကိုလည်း လွယ်ကူစေ နိုင်ပါတယ်။ တစ်ကယ်အဓိက
ကျတာကတော့ တစ်ယောက်နဲ့တစ်ယောက် အပေါ်ကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့
ချစ်နိုင်ပြီး စစ်မှန်တဲ့ စေတနာ ထားရှိမှသာလျှင် အောင်မြင် ပျော်ရွှင်တဲ့
အိမ်ထောင်ရေးဘ၀ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။