Tuesday, January 4, 2011

စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက်

စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက် စိတ်ကျရောဂါကို ကြုံတွေ့နေရတယ်လို့ သံသယရှိလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ Chemicals များပြောင်းလဲမှုကြောင့် ဖြစ်တာလား၊ ပတ်ဝန်းကျင်အနေအထားကြောင့်လားဆိုတာကို ဆရာဝန်က သေချာစစ် ဆေးပြီး သင့်တော်သော ကုသမှုများပြုလုပ်ပေးပါလိမ့်မည်။ မိမိတို့အသုံးပြုသင့်သော ဆေးဝါးများကို ပေးပါလိမ့်မည်။ အဲဒီလိုမျိုး ဆရာဝန်နှင့် တွေ့ဆုံနေတဲ့အချိန်မှာ မိမိကိုယ့်ကိုလည်း ပြန်ပြီး ပြင်ဆင်ထားနိုင်မယ့် တချို့အချက်တွေရှိနေပါသေးတယ်။
.
၁။ ခံယူချက်၊ အတွေးအခေါ်တွေကို ပြောင်းလဲလိုက်ပါ။
စိတ်ကျရောဂါ ခံစားနေရတဲ့အချိန်မှာ အဆိုးမြင်ဝါဒဘက်ကို ဦးတည်နေတတ်ပါတယ်။ မျှော်လင့်ချက်မရှိသော အနေအထားမျိုး၊ ၀မ်းနည်းဖွယ် အနာဂတ်တွေကိုသာ ကြုံတွေ့မယ်လို့ လက်ခံထားကြပါတယ်။ အဲဒီလိုအမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုတာက အတော့်ကို မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ကျရောဂါကို ပျောက်ကင်းစေချင်တယ်ဆိုရင်တော့ ဒါကို မဖြစ်မနေကို ပြောင်းလဲရပါတော့မယ်။ အတိတ်က မှားခဲ့သော အမှားများအပေါ်တွင် အာရုံစူးစိုက်မနေသင့်ပါဘူး။ အတိတ်ဖြစ်ရပ်တွေကို တွေးပြီး ယူကျုံးမရဖြစ်နေလေ စိတ်ဓါတ်ပိုကျလေပါပဲ။ ဒါတွေအစား မိမိဘာတွေဖြစ်ချင်တယ်၊ ဘာတွေလုပ်မယ်ဆိုတာကိုသာ အာရုံစိုက်သင့်ပါတယ်။
.
၂။ မိမိကိုယ်ကို အပြစ်မတင်ပါနှင့်။
လူတိုင်းနီးပါးဟာ အမှားရှိခဲ့ဖူးတာချည်းပါပဲ။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ အမှားတွေနဲ့ ပတ်သတ်ပြီး မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် အပြစ်တင်တာမျိုးကို မလုပ်သင့်ပါဘူး။ စိတ်ကျရောဂါရှိသူတွေဟာ မိမိကိုယ့်ကို အပြစ်တင်နေတာများရင် သူတို့ခံစားနေတဲ့ ပြဿနာတွေဟာ လျော့ပါမသွားနိုင်တော့ပါဘူး။ ဒါကြောင့် မိမိအမှားကို အဆက်မပြတ် အပြစ်တင်နေတာမျိုးကို ရှောင်သင့်ပါတယ်။ ကြုံတွေ့လာတဲ့အခြေအနေတွေကို ဘယ်လို လက်ခံမလဲဆိုတာကိုသာ စဉ်းစားထားပါ။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့သူတွေမဟုတ်တာကြောင့် တခြားသူတွေမှာလည်း မိမိလိုမျိုး အမှားတွေရှိတယ်ဆိုတာကို သိထားပါ။ သိပ်ပြီးကြီးကျယ်တဲ့ အခက်အခဲ၊ ပြဿနာတွေကို ခံစားနေရတာ မိမိတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို နားလည်ထားပေးပါ။
.
၃။ လူများနှင့် ပေါင်းသင်းဆက်ဆံပါ။
စိတ်ဓါတ်ကျနေတဲ့အချိန်မှာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကင်းကွာပြီးနေလိုကြပါတယ်။ တစ်ယောက်တည်း နေလိုကြပါတယ်။ မိတ်ဆွေတွေနဲ့ တွေ့ဆုံပါ လို့ အကြံပေးတာဟာ မိမိခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သတ်ပြီး စကားကြီးစကားကျယ်တွေနဲ့ ဆွေးနွေးဖို့မဟုတ်ပါဘူး။ သူတို့နှင့်ဆုံတွေပြီးပျော်ပျော်ရွှင်ရွှင်နေဖို့ပါ။ ပုံမှန်အတိုင်းလေးပဲ တွေ့ဆုံပြီး ရုပ်ရှင်သွားခြင်း၊ ပြပွဲများ၊ အားကစားပွဲများသွားခြင်း၊ ထမင်းလက်ဆုံစားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
.
၎။ ပုံမှန်အိပ်စက်ချိန်ရအောင် ကြိုးစားပါ။
အိပ်စက်ချိန်နည်းခြင်းနဲ့ စိတ်ကျရောဂါခံစားမှုဟာ တိုက်ရိုက်ကြီး ဆက်စပ်နေပါတယ်။ စိတ်ကျရောဂါကြောင့် အိပ်ချိန်နည်းနေရင် စိတ်ကျရောဂါဟာ ပိုပိုပြီးဆိုးလာတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ ထချိန်ပုံမှန်ရှိရအောင် အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ညအိပ်ရာဝင်ခါနီးတွင် မိမိတို့သက်ဝင်ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရာဝင်ခါနိးတွင် ကဖင်းနှင့် အရက်ပါဝင်သော အဖျော်ယမကာတို့ကို သုံးစွဲခြင်း၊ ညနက်သည်အထိ အလုပ်လုပ်ခြင်းတို့ကို ရှောင်သင့်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် စိတ်ကို အနားပေးရန်လိုအပ်ပါတယ်။
.
၅။ သက်တောင့်သက်သာရှိစေမယ့် လုပ်ဆောင်မှုတိုင်းကို ပါဝင်ပါ။
စိတ်ကျရောဂါကြောင့် လူတွေဟာ ပျော်အောင် ဘယ်လိုနေရမယ်ဆိုတာကို မသိတော့ပါဘူး။ နှစ်သက်ကြည်နူးမှုကို ရှာမတွေ့နိုင်ပါဘူး။ ဒီလိုအချိန်မျိုးမှာ စိတ်ကျရောဂါကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဘ၀ပုံစံကို ပြန်စကြည့်သင့်ပါတယ်။ မိမိကို ပျော်ရွှင်စေတဲ့ အရာတွေကို ပြန်စဉ်းစားပါ။ စာအုပ်ဖတ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အင်တာနက်သုံးစွဲခြင်း၊ လမ်းလျှောက်ခြင်း၊ အလည်အပတ်သွားခြင်း၊ ပြတိုက်များ၊ ပန်းခြံများသို့သွားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
.
၆။ အားကစားလှုပ်ရှားမှုများကို ပြုလုပ်ပါ။
လှုပ်လှုပ်ရှားရှားနေခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ Chemicals တွေကို ထွက်လာစေပါတယ်။ အားကစားလုပ်တာကြောင့် Endorphins လို့ ခေါ်တဲ့ Chemicals တွေ ထွက်လာပြီး စိတ်ဖိစီးမှုတွေ လျော့ကျသွားပါတယ်။ အားကစားလုပ်တယ်ဆိုတာကလည်း မာရသွန်ပြေးတာလိုမျိုး အားသွန်ခွန်စိုက်လုပ်ရတာမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ မိမိကျန်းမာရေး၊ လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် အားကစားတစ်ခုခုကိုသာ ပုံမှန်လုပ်သွားဖို့ပါ။ တနေ့ကို ၃ နာရီ၊ တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးနိုင်ရင်အတော်ကို အထောက်အကူပြုနေပါပြီ။
.
၇။ အပြင်သို့အလည်အပတ်သွားပါ။
နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု နည်းခြင်း၊ ရာသီဥတု အပြောင်းအလဲ၊ အုံ့မှိုင်းသော ရာသီဥတု တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ အနေအထား တွေဟာ ယို့ယွင်းလာကာ မူလခံစားနေရသော စိတ်ကျဝေဒနာဟာ ပိုပြီးဆိုးရွားလာတတ်ပါတယ်။ ဒါကြောင့် စိတ်ကျရောဂါကို ခံစားနေရတဲ့ အချိန်မှာ နေရောင်ခံပေးသင့်ပါတယ်။ အလင်းရောင်မရှိတဲ့အခန်းတခုထဲမှာ ငြိမ်ထိုင်နေမယ့်အစား နေရောင်ခြည်အောက်မှာ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။
.
၈။ အစားအသောက်တို့ကို ဂရုစိုက်ပါ။
Omega 3 Fatty Acids ပါတာတွေဟာ ဦးနှောက်အတွင်း အာရုံကြောများ ဆက်သွယ်မှုကို အားပေးတာကြောင့် အာရုံခံစားမှုကောင်းစေပါတယ်။ ငါးမစားချင်တဲ့သူတွေကတော့ ငါးကြီးဆီဆေးတောင့်တွေကို သောက်နိုင်ပါတယ်။ ငါးကြီးဆီဆေးတောင့်တွေဟာ ငါးညှီနံ့ကို ဖုံးကွယ်ပေးတာကြောင့် သောက်ရတာ အဆင်ပြေပါတယ်။ ပြန်ကြော်ဆီများ၊ ပြုပြင်ပြောင်းလဲထားသော အစားအစာများ၊ အမြန်စာ (Fast Food) များကို မစားသောက်ဘဲ လတ်ဆတ်သော အသီးအနှံများ၊ အရည်ရွှမ်းသော သစ်သီးများ၊ ကောက်ပဲသီးနှံ၊ အဆီမပါသော အသားများကိုစားသောက်တာကလည်း ပြန်လည်ကျန်းမာလာစေဖို့ များစွာအထောက်အကူပြုနိုင်ပါတယ်။
.
နှင်းနုလွင် (ဆေးဝါး)
Good Health Journal