Sunday, November 28, 2010

လျစ်လျူမရှုသင့်သော ခြေထောက်

ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အစိတ်အပိုင်းတိုင်းကို အားလုံးက ဂရုစိုက်ကြပါသည်။ “မျက်နှာမှာ အဖုပေါက်နေသည်၊ လည်ချောင်း နာနေသည်၊ ဝမ်းဗိုက် အောင့်နေသည်” စသည်ဖြင့် သတိတရနဲ့ထုတ်ဖော် ပြောပြတတ်ပါသည်။ သို့သော် အားလုံးထဲတွင် လျစ်လျူရှုခံနေရသော အင်္ဂါတစ်ခုရှိသည်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၏ အလေးချိန်ကို တနေ့လျှင် အနည်းဆုံး (၄) နာရီခန့် သယ်ထားပေးနေရသော်လည်း “ခြေထောက်”ကို အားလုံးက မေ့မြဲမေ့နေကြသည်။ သူကနာကျင်နေကြောင်း အရိပ်အြွမက်လောက် ပြလာရင်လည်း “အရေးမကြီးပါဘူးလေ၊ ပြီးရင်ပျောက်သွားမှာပါ” ဆိုပြီး မသိကျိုးကျွန်ပြုမိတတ်ပါသည်။
ခြေထောက်နှင့်ပတ်သတ်သော ပြဿနာပေါင်း (၃၀ဝ)ကျော်ရှိသည်။ ခြေထောက်အတွင်းရှိ အကျိအိတ်ရောင်ရမ်းခြင်း၊ ခြေဖနောင့်နာခြင်းမှ အစပြု၍ အဆစ်အမြစ်များရောင်ကိုက်လာခြင်း၊ ခြေမဆန့်ထုတ် ၍မရဘဲ လမ်းလျှောက်ရခက်ခဲခြင်းတို့အထိ ပါဝင်နိုင်ပါသည်။ အသက်ကြီးလာချိန်တွင် ခြေဖဝါးပြင်ရှိ အသားများပါးလာသည့်အပြင် ခန္ဓာကိုယ်၏အလေးချိန်ကြောင့် ခြေထောက်တွင် ဒါဏ်ဖြစ်လာတတ်သည်။ ထိုအခါ ကြာရှည်စွာလျစ်လျူရှုခံခဲ့ရသော ခြေထောက်သည် ကိုယ်လက်လှုပ်ရှားမှုတိုင်းကို ဟန့်တားလာသည်။ ထိရောက်သော ကုသမှုတို့ကို စောစီးစွာခံယူနိုင်စေရန် သတိပြုရမည့် လက္ခဏာများ၊ ကာကွယ်ရန်အချက်များကို သိနိုင်ရန် အလွန်အရေးကြီးပါသည်။
(၁) နာကျင်မှုတိုင်းကို သတိထားရပါသည်။

အကယ်၍ မိမိတွင် ခါးနာခြင်း၊ ညှို့သကျည်း၊ ဒူးခေါင်း၊ တင်ပါးတို့တွင် ပြဿနာတစ်စုံတစ်ရာ ရှိလာပြီဆိုလျှင် မိမိ၏ခြေဖဝါးကိုပါ သတိထားရတော့မည်။ ဤကဲ့သို့အပယိက နာကျင်မှုများသည် တစ်ခုနှင့်တစ်ခု လုံးဝဆက်စပ်နေသည်ဟု မဆိုနိုင်သော်လည်း ခြေဖဝါးနှင့်ပတ်သက်သော ပြဿနာတစ်ပိုင်း တစ်စဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ လမ်းလျှောက်ချိန်တွင် ခန္ဓာကိုယ်အလေးချိန်ထက် (၅)ဆခန့်များသော ဖိအားသည် ခြေဖဝါးတွင် လာပြီးသက်ရောက်ပါသည်။ ခြေဖဝါးကသာ ဤအခြေအနေကို ကောင်းစွာမထိန်းထားနိုင်လျှင် အပေါ်တွင်ပါရှိသော လက္ခဏာများကို ခံစားရတတ်ပါသည်။
ခြေဖဝါးပြားသောသူ (Flat foot) တို့သည် ခြေထောက်နှင့်ပတ်သက်သော ပြဿနာများကို ပို၍ခံစား ရတတ်သည်။ ထိုသူတို့၏ ခြေဖဝါးအခွက်သည် မြေကြီးနှင့်ပို၍ နီးသောကြောင့် လမ်းလျှောက်သောအခါ၊ ပြေးသောအခါတို့တွင် ခြေကုပ်ယူရန် အလွန်အားစိုက်ရသည်။ ထို့ကြောင့် လှုပ်ရှားမှုများ များလာလေ၊ ခြေထောက်တွင်လာ၍ သက်ရောက်သော အားများလာလေဖြစ်ပြီး ခြေဖနောင့်အပါအဝင် ခြေထောက်တစ်ခုလုံး ဒါဏ်ကို စတင်ခံစားရတတ်ပါသည်။ ခြေထောက်တွင် လှုပ်ရှားမှုများလာသောအခါ ခြေထောက်အတွင်းပိုင်းရှိြွကက်သားများ ပို၍ခက်ခဲစွာ အလုပ်လုပ်ရသောကြောင့် ညှို့သကျည်းများနာလာတတ်ပါသည်။
ခြေသလုံြးွကက်သားမှ အခြေခံ၍ ဖနောင့်အထိ ဆက်တွဲထားသော အရွတ်ရောင်ခြင်း (Achilles Tendinitis)ကို ခြေဖဝါးပြားသောသူတို့တွင် တွေ့ရသည်။ ခြေလှမ်းတိုင်း၏ အလှမ်း၊ အဆုတ်တိုင်းကို ထေမိစေရန် ထိန်းထားရသောအရွတ်ဖြစ်သောကြောင့် ခြေဖဝါးတွင် ပြဿနာများရှိလာသောအခါ ထိုအရွတ်ပါ ရောင်ရမ်းပြီး နာကျင်လာသည်။ ခြေဖဝါးပြားခြင်းကြောင့် ဒုးခေါင်း  လှုပ်ရှားရခက်ခဲလာခြင်း မဟုတ်သော်လည်း ဒူးခေါင်းမကောင်းသောသူတော်တော်များများ၏ ခြေဖဝါးသည် ပြားနေသည်ကိုတွေ့ရတတ်ပါသည်။ နောက်ထပ် အဖြစ်များသော ပြဿနာတစ်ရပ်မှာ ခြေဖဝါးခွက်ဝင်နေလွန်းခြင်း ဖြစ်သည်။ ခြေထောက်လှုပ်ရှားသောအချိန်တွင် ခွက်နေသောနေရာအစား ဘေးပတ်ဝန်းကျင်ရှိြွကက်သားများက ပို၍အလုပ်လုပ်ရသည်။ ဖော်ပြပါရှိသော အကြောင်းနှစ်ချက်စလုံးသည် တင်ပါးနှင့် ခါးတို့တွင် နာကျင်မှု ပြဿနာများကို ခံစားရစေပါသည်။
(၂) အရိုးဖုမထွက်ပါစေနှင့်။

အရိုးဖုထွက်ခြင်း (Bone Spur) ဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ အရိုး၌ အဖုထွက်လာခြင်းကို သတ်မှတ်သော အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ အရိုးကျိုးပြီးချိန်တွင် ခန္ဓာကိုယ်မှ အလိုအလျောက် ပြန်ဆက်ရန်ကြိုးစားချိန်တွင် အရိုးဖုထွက်ခြင်းကိုတွေ့ရတတ်ပါသည်။ ဤကဲ့သို့ ကြီးထွားလာမှုများသည် သေးငယ်ပြီး စမ်းသပ်ရန်ခက်ခဲသည်။ အရိုးဖုထွက်လွယ်သောနေရာတို့တွင် လည်ပင်း၊ ပုခုံး၊ လက်ဆစ်၊ ခါးရိုး၊ တင်ပါး၊ ဒူးခေါင်းနှင့် ဖနောင့်တို့ ပါဝင်သည်။ လက်ဆစ် ခဏခဏချိုးခြင်းသည် အရိုးဖုထွက်စေသည်။ ခြေဖနောင့်တွင်ဖြစ်သော အရိုးအဖုသည် အနီးရှိြွကက်သားနှင့် အာရုံကြောများတွင်လာ၍ သက်ရောက် သောကြောင့် လမ်းလျှောက်သောအခါတွင် နာကျင်မှုများ ခံစားရစေပါသည်။
ဤပြဿနာများကို အသက်ကြီးသောသူတို့တွင် အတွေ့ရများသည်ဟုဆိုကြသော်လည်း ငယ်ရွယ်သော အားကစားသမားများ၊ ကသောသူများတွင်လည်း ဖြစ်နိုင်ပါသည်။ ထိုသူတို့သည်ြွကက်သားများ၊ အရွတ်များ၊ တွယ်ဆက်တစ်သျှူးများတွင် ပို၍အားထည့်ရသောကြောင့် အရိုးများ ဖုထွက်နိုင်ပြီး နာကျင်မှုကို ခံစားရတတ်ပါသည်။ အချို့သူများတွင် နာကျင်မှုသည်ကြာရှည်တတ်ပြီး ကိုယ်လက်လှုပ်ရှားမှုများကိုပါ ဟန့်တားနိုင်ပါသည်။ ထို့ကြောင့် မိမိတွင် ပုံမှန်မဟုတ်ဘဲ အရိုးများကြီးထွားနေသည်ဟုထင်သောအခါ၊ နာကျင်မှုများပါ တွဲဖက်ပါလာသောအခါ၊ အဆစ်များတွင် နာကျင်ပြီး အားနည်းနေသောအခါတို့တွင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ရောဂါခံစားနေရသော အခြေအနေကို မူတည်ပြီး ဆရာဝန်က လမ်းညွှန်မှုများပြုလုပ်ပေးပါလိမ့်မည်။ အနားယူရန်၊ အကိုက်အခဲပျောက် အရောင်ကျဆေးများသောက်ရန်၊ ကာယကုထုံးများခံယူရန် အစရှိသည်ဖြင့် လိုအပ်သည်များကို ညွှန်ကြားပေးနိုင်ပါသည်။ ခွဲစိတ်ရန်မလိုသည့် အထက်ပါ ကုသပုံများသည် ထိရောက်မှုရှိသော်လည်း လမ်းလျှောက်ရခက်ခဲခြင်းအထိ ဖြစ်လာပါက ခွဲစိတ်ပေးပါလိမ့်မည်။
(၃) အရည်ကြည်ဖု မပေါက်အောင်ကာကွယ်ပါ။

ခြေထောက်ကို များများအသုံးပြုရသောသူတို့တွင် အရည်ကြည်ဖုများသည် ပေါက်လာနိုင်ပါသည်။ ခြေထောက်ကို အန္တရာယ်ဖြစ် စေသောအရာများတွင် ရှူးဖိနပ်သည် ထိပ်ဆုံးမှ ပါဝင်သည်။ ဖိနပ်သည် ကျဉ်းလွန်းနေလျှင် ခြေချောင်းလေးများ၏ဘေးဘက်တွင် အရည်ကြည်ဖုများပေါက်နိုင်သည်။ ဖိနပ်၏ထုသည် တိမ်လွန်းနေလျှင် ခြေချောင်းလေးများ၏ ထိပ်ဘက်တွင် နာကျင်နိုင်ပါသည်။ ရှူးဖိနပ်သည် ချောင်နေလျှင် အရှည်ဆုံးခြေချောင်းလေး၏ထိပ်တွင် အရည်ကြည်ဖုပေါက်လာနိုင်ပါသည်။ ထို့အပြင် ဖနောင့်တွင်လည်း နာကျင်လာနိုင်ပါသည်။ အသက်ကြီးလာသောအချိန်တွင် ခြေထောက်များကလည်း လိုက်ပြီးကြီးလာပါသည်။ သို့သော် ဖိနပ် အကြီးကို ပြောင်းပြီးမဝယ်ချင်ကြချေ။ ရှူးဖိနပ်နှင့် မိမိ၏အရှည်ဆုံးခြေချောင်းသည် အနည်းဆုံးလက်တစ်လုံး ခန့် အကွာဝေးရှိရပါမည်။
ခြေထောက်တွင် ပြဿနာများကိုဖြစ်စေသောအရာများတွင် ဖိနပ်အတွင်း ပွတ်တိုက်မှုများလည်း ပါဝင်ပါသည်။ အထူးသဖြင့် ချွေးထွက်သောအချိန်တို့တွင် ပိုပြီး ဆိုးဆိုးရွားရွား ခံစားရတတ်ပါသည်။ ခြေဖဝါးတွင်ရှိသော ချွေးထုတ်ဂလင်း (Sweat Gland) အရေအတွက်သည် လက်ဖဝါးတွင်ရှိသော အရေအတွက် နှင့်ညီမျှသည်။ ထို့ကြောင့် မိမိနှင့်သင့်လျော်သော ဖိနပ်များကို ဝတ်ဆင်ခြင်း၊ ပွန်းပဲ့မှုမရှိသော ခြေအိတ်များ၊ ချွေးစုပ်ယူနိုင်သော ခြေအိတ်များကို ရွေးချယ်ခြင်းဖြင့် မိမိ၏ခြေဖဝါးများကို ကာကွယ်သင့်ပါသည်။
ချွေးထွက်အရမ်းများသူတို့သည် ခြေဖဝါးတစ်ဖက်စီတွင်ချွေးနံ့ပျောက်ဆေးများ ဖျန်းပေးနိုင်ပါသည်။ နောက်ထပ်နည်းလမ်းတစ်ခုမှာ ရေနွေးစိမ်ခြင်းဖြစ်သည်။ ရေနွေး (၂)ဂါလံတွင် ရှာလကာရည် (၁)ပုလင်းခန့် ထည့်ပြီး ၁၅ မိနစ်ခန့်စိမ်ထား ပေးပါ။ ဤနည်းလမ်းအတိုင်း (၄-၅)ရက်ခန့် ဆက်တိုက်လုပ်ပေးပြီး (၁)ပတ်ခန့် နားထားနိုင်ပါသည်။ ဆီးချိုရောဂါအပါအဝင် အခြားသောရောဂါများကြောင့် သွေးလည့်ပတ်မှုမကောင်းသော သုများတွင် ဤနည်းလမ်းကို အသုံးမပြုသင့်ပေ။ မိမိ၏ခြေထောက်များတွင် အရည်ကြည်ဖုများရှိ၊ မရှိကို အမြဲသတိထားနေရပါသည်။ အရည်ကြည်ဖုများရှိနေလျှင် သန့်ရှင်းသောအပ်ကိုသုံးပြီး ဖောက်ထုတ် နိုင်ပါသော်လည်း အရေပြားကို ဆွဲမလှန်မိစေရန် သတိထားရပါသည်။ ဖြစ်သောနေရာပတ်ဝန်းကျင်ကို Hydrogen Peroxide သို့မဟုတ် Povidone Iodine ပါဝင်သော လိမ်းဆေးများကိုသော်လည်းကောင်း၊ OTC အနေဖြင့် သုံးနိုင်သော ပိုးသတ်ဆေးပါသည့် လိမ်းဆေးများကိုလည်းကောင်း လိမ်းပေးပြီး အပေါ်မှ ဖုံးအုပ်ထားရပါမည်။ (၄-၅) ရက်ခန့် ကြာသည့်အထိ အနာမကျက်ခြင်း၊ ပိုးဝင်ခြင်း၊ နီရဲရောင်ရမ်းခြင်း တို့ဖြစ်လာပါက ဆရာဝန်နှင့် ပြသရပါမည်။
(၃) အရွတ်အမြှေးပါးရောင်ရမ်းခြင်းကိုလည်း ဂရုစိုက်ပါ။

ခြေဖဝါးနှင့် ပတ်သက်ပြီး လူငယ်များ အထူးသဖြင့် ပြေးသူများနှင့် ကသူများတွင် အတွေ့ရများသော ပြဿနာမှာ အရွတ်အမြှေးပါးရောင်ရမ်းခြင်း (Fasciitis) ဖြစ်သည်။ အရွတ်မြှေးသည် ခြေချောင်းလေးများ၏ အခြေမှ ဖနောင့်အထိ ခြေဖဝါးတစ်လျှောက်တည်ရှိပါသည်။ ဤနေရာများတွင် ဖိစီးမှုများလာသောအခါ အရွတ်မြှေးသည် ရောင်ရမ်းလာပါပြီး တစ်သျှူးများကို စတင်၍ပျက်စီးလာစေပါသည်။ အချိန်ကြာလာသည်နှင့် အမျှ ဒါဏ်ရာရသော တစ်သျှူးအရေအတွက် ပိုများလာပြီးမာတောင့်လာကာ သွက်လက်စွာ သွားလာလှုပ်ရှားရန် ခက်ခဲလာပါသည်။ အရွတ်မြှေးရောင်ရမ်းရသည့် အကြောင်းအရင်းများတွင် အရိုးဖုထွက်ခြင်းလည်း ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထွက်နေသော အရိုးသည် သူ့အနီးပတ်ဝန်းကျင်ရှိ အရွတ်မြှေးကိုလည်း ရောင်ရမ်းလာစေပါသည်။
အရွတ်မြှေးရောင်ရမ်းခြင်းကို မိမိအိမ်မှာပင် ကုသနိုင်သော နည်းလမ်းများစွာရှိပါသည်။ ပထမရက်များတွင် မိနစ်(၂၀)ခန့် ရေခဲအိတ်ကပ်ပေးနိုင်ပါသည်။ (၂-၃)ရက် အတွင်း အကြိမ်များစွာ ကပ်ပေးနိုင်ပါသည်။ နောက်ရက်များတွင် နာကျင်မှုနှင့် ရောင်ရမ်းမှုများ ဆက်ဖြစ်နေလျှင် ရေခပ်နွေးနွေးတွင် စိမ်ပေးရန်လိုအပ်ပါသည်။ အားကစားသမားဆိုလျှင် မိမိလုပ်နေကျသတ်မှတ်ချက်၏ ထက်ဝက်ခန့်သာ လှုပ်ရှားသင့်ပါသည်။ မညီညာသော လမ်း၊ မာသောနေရာတို့တွင် လေ့ကျင်ခန်းလုပ်ခြင်းကို ရှောင်သင့်ပါသည်။ ခြေထောက်ကို လေ့ကျင့်ခန်းလုပ်ပေးသောအနေဖြင့် ခုံတစ်ခုအပေါ်တွင် ခြေထောက်ချ၍ ထိုင်ပြီး အရှေ့တွင် ပုဝါတစ်စကို ချထားပါ။ ထိုပုဝါစကို ခြေထောက်ဖြင့် ဆတ်ခနဲ၊ ဆတ်ခနဲ ဆွဲယူကြည့်ပါ။ အထက်ပါနည်းအတိုင်း တစ်နေ့လျှင် (၅-၁၀)ကြိမ်ခန့် လုပ်ပေးသင့်ပါသည်။
သို့ဆိုလျှင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ခြေထောက်ကိုလည်း ဂရုစိုက်ရန်လိုအပ်ပါသည်။ သူ့တွင်တစ်စုံတစ်ရာခံစားနေရကြောင်း သတိပေးသော လက္ခဏာများကို အမြဲသတိထားနေရမည်။ အကယ်၍ ဆီးချိုသမားတစ်ယောက်ဆိုလျှင် သူများထက်ပိုပြီး သတိထားရန်လိုအပ်ပါသည်။ မိမိနှင့်သင့်တော်သော ဖိနပ်ကိုရွေးချယ်ခြင်းသည် ခြေထောက် ဒါဏ်ရာရခြင်းကိုကာကွယ်ရာတွင် အလွန်အရေးပါပါသည်။ အားကစားလှုပ်ရှားသူ လူငယ်များအနေဖြင့် ထိုအချက်ကို အမြဲစဉ်းစားထားရန်လိုအပ်ပါသည်။ အသက်ကြီးသူများတွင်လည်း ရုတ်တရက်လဲကျသည့်ဒါဏ်ကို ကာကွယ်နိုင်သော အခံပြားရှိသည့် ဖိနပ်များကို ရွေးချယ်ရန်လိုအပ်ပါသည်။ နံနက်ခင်းနိုးလာချိန်တွင် အိပ်ရာကမထသေးခင် မိမိတနေ့တာလုံးသုံးစွဲမည့် ခြေထောက်အခြေအနေကို အမြဲဆန်းစစ်ကြည့်သင့်ပါသည်။ အားလုံးက ခြေထောက်ကို ပုံမှန်ဂရုစိုက်ပေးလျှင် သူတို့ကလည်း အားလုံးကို ထာဝရအဖော်ပြုပေးပါလိမ့်မည်။               ။
နှင်းနုလွင်(ဆေးဝါး)
စရဏမဂ္ဂဇင်း (ဇန်န၀ါရီ၊ ၂၀၁၀)