Sunday, November 28, 2010

ကျိုးလွယ်၊ ကြေလွယ်သူများ

ကျွန်မတို့ငယ်ငယ်တုန်းက အဘွားနဲ့အတူတူအိပ်လေ့ရှိပါတယ်။ အဘွားရဲ့ နို့ပိန်ပိန်လေးကိုစို့ရင်း၊ အဘွားပြောပြ တဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကိုနားထောင်ရင်းနဲ့ ဒူးနာလိုက်တာမြေးရယ် ဆိုတဲ့စကားကို အိပ်ရာဝင်ပုံပြင် တစ်ပုဒ်လို ယဉ်ပါးခဲ့တယ်။ ဆေးမသောက်ဘူးလား အဘွား လို့မေးရင် သောက်လည်း ပျောက်ပါဘူးကွယ်၊ အဘွားက ကျလူကိုး ဆိုတာကိုပဲ အဘွားက ပြန်ပြန်ပြောတတ်တယ်။ နောက်နေ့အမေ့ကို ”အမေ၊ အဘွားက ဘာလို့ ခြေထောက်တွေနာတယ်လို့ငြီးနေတာလဲ၊ ဘာဖြစ်လို့လဲလို့ ” မေးရင် ”သွေးဆုံးလို့ဖြစ်တာပေါ့” လို့ အမေက လွယ်လွယ် ကူကူနဲ့ပဲ ပြန်ပြောတတ်တယ်။ ၅ နှစ်သမီး ကျွန်မဟာ သွေးဆုံးတယ်ဆိုတဲ့ ဝေါဟာရကို နားမလည်ဘူး။ အဲဒီနောက်ပိုင်း ကျွန်မရဲ့အဘွားလေးတို့ကလည်း အဲဒီလိုငြီးကျတော့ စိတ်ထဲမှာ သူတို့ရဲ့ကိုယ်ထဲမှာ သွေးတွေ နည်းသွားလို့ ဖြစ်ရတာလို့ပဲ ကျွန်မနားလည်ထားလိုက်တယ်။
.
တက္ကသိုလ်တက်တော့လည်း ကျွန်မတို့အဓိကထားပြီးသင်ရတာက ဆေးဝါးတွေရဲ့အကြောင်းဆိုတော့ အဲဒီလို အရိုးတွေနဲ့ပတ်သက်တာတွေကို သိပ်ပြီးမလေ့လာမိဘူး။ အခုနောက်ပိုင်းကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တွေဆီကနေ ဒီလိုမျိုး အသံတွေ ကြားလာရတော့ ကျွန်မလည်း မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်တစ်ချို့ကို ကောက်လှန်ရပါတော့တယ်။ ကျွန်မတို့ သတိမထားမိရင်သာ ရှိရမယ်၊ လက်တွေ့မှာတော့ သက်လတ်ပိုင်းကိုကျော်ဖြတ်ပြီးတဲ့ အမျိုးသမီးတိုင်းဟာ အရိုးနဲ့ ပတ်သက်တဲ့ပြဿနာတွေကို အနည်းနဲ့ အများဆိုသလို ခံစားရတာချည်းပါပဲ။
.
တကယ်တော့ အရိုးဟာ ကျွန်မတို့အားလုံးထင်ထားကြသလို သက်မဲ့ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေလိုပဲ သူတို့ကို ကျန်းမာပြီးရှင်သန်နေတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သျှူး တွေဟာ အရိုးဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အိုဟောင်းသွားတဲ့ အရိုးဆဲလ်အဟောင်းတွေနဲ့ လဲလှယ်ပေးပါတယ်။ တကယ်လို့ ဆဲလ်အသစ်တွေ ဖြစ်တာနည်းပြီး အဟောင်းတွေကို ဖယ်ထုတ်လိုက်တာသာ များသွားရင် အရိုးတစ်သျှူး တွေဆုံးရှုံးသွားပြီး အရိုးပါးတာ၊ ကြွပ်ဆတ်တာမျိုးတွေ ဖြစ်လာပါတယ်။ တဖြည်းဖြည်းနဲ့ ဆိုးရွားလာမယ်၊ ကုသမှုသာ မခံယူခဲ့ရင် ကျွန်မတို့ခန္ဓာကိုယ်ကြီးကို ထောက်မထားပေးတဲ့ အရိုးငြမ်းအဖွဲ့အစည်းကြီး (Skeletal System) ဟာ အား ပျော့လာပြီး နေ့စဉ်လုပ်နေကျ သွားသွားလာလာ အလုပ်မျိုးကိုတောင် မစွမ်းဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။
**Osteoporotic Bone**
.
အဲဒီလိုအရိုးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ လူမျိုး အလိုက်လေ့လာကြည့်ရင်တော့ လူမည်းတွေထက် လူဖြူတွေမှာ ပိုပြီးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မိသားစုကနေ လက်ဆင့်ကမ်းပေးနိုင်တဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။ ငယ်စဉ်ကလေးဘဝ၊ အပျိုဖော်ဝင်ခါစ အရွယ်မှာ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအသောက်တွေစားသောက်တာနည်းရင်လည်း အသက်ကြီးလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အဲဒီလိုပါပဲ၊ ဗီတာမင် ဒီချို့တဲ့တာ၊ နေရောင်နဲ့ထိတွေ့မှုနည်းတာ၊ လှုပ်ရှားမှုနည်းတာတွေကြောင့်လည်း အသက်ကြီးလာ ချိန်မှာ အရိုးပွ (Osteoporosis )တာမျိုးတွေဖြစ်တတ်တယ်လို့ ကျွန်မမှတ်သားဖူးပါတယ်။ တခြားအကြောင်းတွေ ဘယ် လောက်ပဲရှိရှိ၊ အမျိုးသမီးတစ်ယောက်မှာ အရိုးထိခိုက်တဲ့ပြဿနာတွေရှိလာရင် Oestrogen လျော့နည်းမှုကိုသာ အဓိက တရားခံအဖြစ် သတ်မှတ်ကြပါတယ်။ ဒီနေရာမှာ Oestrogen အကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။
.
ကျွန်မတို့ကို မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားတော့မယ်ဆိုကတည်းက ကျွန်မနဲ့ အတူယှဉ်တွဲပြီး ရပ်တည်ပေးမယ့်မိတ်ဆွေ တနည်းအားဖြင့်တော့ မိန်းမသားအဖော် Oestrogen ကို သဘာဝတရားကြီးက ထည့်ပေး လိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာနာတွေပေါ်လာပြီး အသားအရေတွေစိုပြေလှပအောင်၊ မိခင်တစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ Oestrogen က အဓိကလုပ်ဆောင်ပေးပါတယ်။ ရာသီသွေးလည်ပတ်မှုကအစ အမျိုးသမီးတွေရဲ့ ကိစ္စအားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ Oestrogenပါပဲ။
.
အဲဒီလို ကျွန်မတို့ကို မိန်းမတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ဖန်တီးပေး ခဲ့တဲ့ Oestrogen ဟာ အသက်ကြီးလာတာနဲ့အမျှ လျော့နည်းလာပါတယ်။ ဒီလိုလျော့နည်းမှုတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာ၊ အရေပြားတွေ ပူနွေးတာ၊ ညဘက်ခေါင်းချွေးထွက်တာမျိုးတွေကို ကြုံတွေ့လာရပါတယ်။ Oestrogen လျော့နည်းနေတဲ့အချိန်ဆို အရိုးတည်ဆောက်တဲ့ တစ်သျှူးတွေ အလုပ်လုပ်တာနှေးလာတယ်။ အရိုးဆဲလ်တွေ ဖြစ်ပေါ် တာနည်းလာလို့ အရိုးတွေဟာ တည်ဆောက်ဖို့ထက် ပြိုကွဲမှုကသိသာလာတယ်။ အရိုးရဲ့သိပ်သည်းဆနည်းလာတယ်။

ကြာလာတော့ အရိုးတွေကပါးပြီး ပျော့လာတယ်။ တနည်းအားဖြင့်ဆိုရရင်တော့ ခိုင်ခံ့မှုနည်းလာတယ်။ အဲဒီ အရိုးဟာ ကျိုးလွယ်သွားတယ်။ ဒီရောဂါဟာ ဘယ်လိုသတိပေး လက္ခဏာကိုမှ မပြဘဲနဲ့ တိတ်တိတ်လေး ဝင်ရောက် လာတတ်တယ်။ သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်မှာရှိတဲ့ Oestrogen ပမာဏဟာ အမျိုးသားတွေထက် များပေ မယ့် အရင်ကထက်စာရင်တော့ လျော့ကျလာပြီဖြစ်လို့အရိုးပွဖို့၊ အရိုးတွေဆုံးရှုံးဖို့ အခွင့်အလမ်းတွေပိုများ လာပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးလို့ နှစ်အနည်းငယ် အတွင်းမှာပဲ ရုတ်တရက်အရိုးကျိုးတဲ့ပြဿနာကို ကြုံတွေ့လာနိုင်ပါတယ်။
.
ဒါကြောင့် အမျိုးသမီးအနေနဲ့ ရပ်တည်ခွင့်ရခဲ့တဲ့ ကျွန်မတို့ဟာ အရိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ပိုပြီး ခံစား ရပါတယ်။ ဒီတော့ ကြံဖန်ပြီးစဉ်းစားရင် အမျိုးသမီးဖြစ်ရတာ မတရားဘူးလို့တောင် ထင်မိပါတယ်။ ကောင်းတဲ့ဘက်က လှည့်တွေးတော့လည်း ဒါဟာ ကြိုတင်သတိထားမိစေဖို့ အဘွားတို့ကလက်ဆင့်ကမ်းခဲ့တဲ့ အမွေလို့သတ်မှတ်လို့ ရသလို ဒီလိုမျိုးအရိုးနဲ့ ပတ်သက်တာတွေဟာ ကာကွယ်လို့ရတဲ့အတွက် ကံကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်မတို့ မိန်းမသားတွေအနေနဲ့ သွေးဆုံးတာကို ရှောင်လွဲလို့မရပေမယ့် အရိုးပွတဲ့ဖြစ်ရပ်ကိုတော့ နှောင့်နှေးအောင် ဟန့်တားထား လို့ရပါတယ်။
.
.
အရိုးပွရောဂါကိုကာကွယ်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နေထိုင်မှုပုံစံကို အရင်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။ အရေး အကြီးဆုံးက ငယ်ငယ်တည်းက စားသောက်တဲ့အစားအသောက်ပုံစံပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အရိုးတွေကို တည်ဆောက်နေတဲ့ အရေးအကြီးဆုံးကာလဟာ အသက် ၁၈-၂ဝ အထိကြားကာလပါပဲ။ ဒီလိုအရွယ်ကတည်းက အရိုး တွေ သန်မာဖို့ ကယ်လ်စီယမ်ြ<ွကယ်ဝတဲ့ အစားအစာတွေကိုဦးစားပေးပြီး စားပေးဖို့လိုပါတယ်။ နို့နဲ့ ချိစ် တို့မှာ ကယ်လ်စီယမ် တွေ အများကြီးပါတယ် ဆိုတာကို ကျွန်မတို့အားလုံးသိကြပေမယ့် တို့ဟူးနဲ့ ပဲတွေမှာ ပါတယ်ဆိုတာ ကိုတော့ သိပ်မသိ ကြပါဘူး။ ကယ်လ်စီယမ်အားဖြည့်ထားတဲ့ လိမ္မော်ရည်တွေကို သောက်မယ်။ နံနက်စာစားတဲ့ အခါမှာလည်း နို့နဲ့ အသီးအရွက်တွေပါအောင် စားကြမယ်ဆိုရင် ကျွန်မတို့ အရိုးအတွက်အတော်ကို စိတ်ချသွားရပါပြီ။
.
နေ့လည်နေ့ခင်းမှာလည်း ဆိုဒါပါတဲ့အအေးတွေကို သောက်မယ့်အစား၊ နွားနို့ပါတဲ့ဖျော်ရည်တွေကို သောက်ပေး သင့်ပါတယ်။ နွားနို့ရိုးရိုးကိုမကြိုက်တဲ့သူတွေအတွက်ဆိုရင် ချောကလက်၊ စတော်ဘယ်ရီတွေနဲ့ ရောထားတဲ့ နွားနို့ကို သောက်မယ်ဆိုရင်လည်း လိုအပ်တဲ့ကယ်လ်စီယမ်တွေကို ရနိုင်ပါတယ်။ တကယ်လို့စားသောက်နေတဲ့ အစားအစာ တွေကနေ ကယ်လ်စီယမ်လုံလောက်အောင်မရနိုင်ဘူးလို့ထင်ရင်လည်း သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကယ်လ်စီယမ် ဖြည့်စွက်အားဆေးတွေ သောက်ပေးလို့ရပါတယ်။ ကယ်လ်စီယမ်တွေကို ခန္ဓာကိုယ်က စုပ်ယူဖို့ဆိုရင် ဗီတာမင် ဒီကို မဖြစ်မနေ လိုအပ်ပါသေးတယ်။
.
ဗီတာမင် ဒီကို အသည်းနဲ့ ကျောက်ကပ်မှာ လှုံဆော်ပြောင်းလဲပေးလိုက်ရင် သူက ကယ်လ်စီယမ်စုပ်ယူမှုကို ပိုပြီးအားပေးပါတယ်။ အသီးအရွက်တွေကနေရနိုင်သလို နေရောင်ခြည်နုနု (မနက် ၁ဝနာရီမတိုင်ခင်နဲ့ ညနေ ၃ နာရီနောက်ပိုင်းနေရောင်)  မှာ ၁၅ မိနစ်လောက်ခံပေးရင်လည်း ဗီတာမင် ဒီကို ရနိုင်ပါသေးတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တို့ ၂မျိုး ပူးပေါင်းပြီး အလုပ်လုပ်တဲ့အခါကျတော့ အရိုးဆဲလ်တွေကနေ ကယ်လ်စီယမ် စုပ်ယူမှုတွေဟာ ပိုပြီး မြန်ဆန်လာပါတယ်။
.
ကလေးဘဝကတည်းက ကယ်လ်စီယမ် ကြွယ်ဝစွာစားသောက်ထားတဲ့အတွက် အရွယ်ရောက်လာချိန်မှာ အရိုးရဲ့သိပ်သည်းမှုကပိုမြင့်လာပါတယ်။ နောင်တစ်ချိန်မှာ ကြုံတွေ့လာနိုင်တဲ့ အရိုးပွရောဂါဖြစ်နိုင်ချေဟာ နည်းလာ ပါတယ်။ အရင်တည်းက ကယ်လ်စီယမ်စားသုံးမှု နည်းပါးတဲ့ မိန်းကလေးတွေဟာ အသက်ကြီးလာတဲ့အချိန်မှာ အရိုးရဲ့သိပ်သည်းဆကျဆင်းလာပြီး အရိုးနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တတ်တယ်ဆိုတာ ကျွန်မတို့နောက်မှ လူ့လောက ထဲကိုဝင်လာတဲ့ အမျိုးသမီးငယ်လေးတိုင်းကို ကျွန်မတို့ အသိပေးရပါဦးမယ်။
.
နောက်တစ်ချက်က ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ပါ။ အားကစားလုပ်တာဟာ အရိုးဆုံးရှုံးတာကို ရပ်တန့်အောင် လုပ်ပေးလို့မရပေမယ့် အရိုးပွတဲ့ ဖြစ်စဉ်ကိုတော့ နှေးသွားစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေရင် အရိုးနဲ့ ပတ် သက်တဲ့ ပြဿနာတွေဟာ အတော်ကိုနည်းသွားပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့အတွက်ြ<ွကက်သားတွေဟာပိုပြီး  သန်မာ လာတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းနိုင်လာတယ်။ ချော်လဲတာ၊ လိမ့်ကျတာတို့လို ပြဿနာတွေလည်း နည်းသွားပါတယ်။ အဲဒီတော့ ကျွန်မတို့အရိုးကို ကာကွယ်ဖို့ ဘယ်လိုလေ့ကျင့်ခန်းမျိုးလုပ်မလဲဆိုတာကို နည်းနည်း စဉ်းစားကြည့်ရအောင်။
.
ခြေထောက်ကို အားပြုပြီး ကစားရတဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ တင်းနစ်ကစားတာမျိုးတွေကို လုပ်နိုင်ပါတယ်။ ကြွက်သားတွေသန်မာဖို့အတွက်ဆိုပြီး ပုခုံးနဲ့ လက်မောင်းကို အားပြုပြီး စက်တွေနဲ့ ကစားတာ၊ အလေးမတာမျိုးတွေကလည်း အရိုးတွေကျန်းမာဖို့ကို အတော်လေးအထောက်အကူပြုပါတယ်။ အရမ်းအားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေမလုပ်မိဖို့ရယ်၊ လုပ်ရင်းနဲ့ ဒါဏ်ဖြစ်မသွားစေဖို့ကိုတော့ နည်းနည်းသတိထားရတယ်။ ဒီတော့ ကျွန်မတို့သဘောနဲ့ ကျွန်မတို့လုပ်မယ့်အစား ဆရာဝန်တွေနဲ့တိုင်ပင်ပြီးရွေးချယ်လိုက်တဲ့ အားကစားဟာ ပိုသင့်တော်မယ် လို့ ထင်ပါတယ်။
.
.
အရိုးပွတာတွေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့အတွက် ရွယ်တူအမျိုးသားတွေမှာ ဖြစ်နိုင်ချေရှိတယ် ဆိုတာကိုတော့ မေ့လျော့နေတတ်ပါတယ်။ ဒါကြောင့် ရောဂါကို ကြိုတင်ပြီး ခြေရာမခံမိတာ၊ ကုသမှုမခံယူဖြစ်တာမျိုးကို ကြုံရတတ်ပါတယ်။  အမျိုးသားတွေမှာ အရိုးပွတယ်ဆိုတာ တခြားကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှုပုံစံတွေ၊ (ဆေးလိပ်သောက်တာ၊ အရက်သောက်တာလိုမျိုး) တို့ကြောင့်ဖြစ်နိုင်သလို စတီးရွိုက်လိုဆေးမျိုးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့လည်းကြုံတွေ့နိုင်ပါ တယ်။ အရိုးတွေဆုံးရှုံးကုန်တာဟာ အသက်အရွယ်ကြီးလာတာရဲ့ ပြယုဂ်တစ်ခုလို့ဆိုနိုင်ပြီး အသက် ၇ဝ ပတ်ဝန်းကျင် အဘိုး၊ အဘွားတွေအကုန်လုံးနီးပါးကြုံတွေ့နိုင်တာကြောင့် အားလုံးဟာ ဂရုစိုက်ဖို့လိုပါတယ်။
.
ကျွန်မတို့ရဲ့အရိုးဟာ ထိခိုက်လွယ်တယ်ဆိုပေမယ့် အမျိုးသမီးတွေအနေနဲ့ ရပ်တည်ခွင့်ရတာကိုပဲ ကျေနပ်နှစ် သက်ရင်းနဲ့ ကြုံတွေ့လာနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အမြဲတမ်းစဉ်းစားထားသင့်ပါတယ်။ စောစောတုန်းက ပြောခဲ့သလိုပါပဲ။ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတဲ့ ဒီရောဂါကို ခံစားရစေတဲ့ အကြောင်းအရင်း တွေဟာ တစ်ခုတည်းမဟုတ်ပါဘူး။ သဘာဝအရ Oestrogen တွေလျော့နည်းသွားတာကို ကျွန်မတို့ ဟန့်တား လို့မရပါဘူး။ မျိုးရိုးဗီဇအရ လက်ခံရတဲ့ အဖြစ်မျိုးကို ကျွန်မတို့ ရာနှုန်းပြည့်ရှောင်လွှဲလို့ မရပါဘူး။ အာဟာရမျှတအောင် စားပေးတဲ့နည်းလမ်းကသာ အကောင်းဆုံးပါ။ ဒီတော့ ကျွန်မတို့ရဲ့ မိန်းမသားဘဝကို မြတ်နိုးလျှင် အရိုးကိုတန်ဖိုးထားပါ။ အရိုးကိုကာကွယ်ချင်ရင်တော့ ကယ်လ်စီယမ်နဲ့ အားကစားကို အလေးအနက်ထားပါလို့ ထိခိုက်လွယ်သော အရိုးပိုင်ရှင် အမျိုးသမီး အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

 
 
 
 
 
                             

နှင်းနုလွင် (ဆေးဝါး)
Family Mag (June, 2010)